Thursday, May 2, 2019

ဒူးရင်းပင်စိုက်ပျိုးနည်း




စွတ်စိုထိုင်းမှိုင်းသော မိုးရေချိန် လက်မ ၁၀၀ မှ လက်မ ၂၀၀ အတွင်း၊ အပူ
ချိန် ၁၀ စင်တီဂရိတ်မှ ၄၀ စင်တီဂရိတ် အတွင်း စိမ့်စမ်းကောင်းသော ရာသီဥတုကိုနှစ်သက်သည် သဲနုန်း၊ မြေပွ၊ မြေဆီမြေသား ကောင်းသောလျှိုများ၊ တောင်စောင်းများ၊ မြစ်ချောင်းကမ်းနဖူး တွင် ကောင်းစွာ
ဖြစ်ထွန်းအောင်မြင်သည်။ ဒူးရင်းကို စိုက်ပျိုးမည်ဆိုလျှင် မျိုး ရွေးချယ်မှုသည် အဓိကကျသည်။
ဒူးရင်းမျိုးကို ရွေးမည်ဆိုလျှင်-
(၁) သီးထွက်ကောင်းရမည်။
(၂) အိမ်မွှာကြီးပြီး၊ အသားထူ၊ အရသာချို၊ မွှေး ခါးသက်ရမည်။
(၃) အစေ့သေးရမည်။
(၄) စောစောသီးပွင့်ရမည် ဆိုသည့်မျိုးဖြစ်ရန် လိုသည်။နိုင်ငံခြား မျိုးကောင်း မျိုးသန့်များ ကန်ကလေးမျိုးသန့် (၁)၊ ကန်ကလေးမျိုးသန့် (၂) ဟု ကင်ပွန်းတပ်ထားသည်။ ဒေသ
မျိုး များတွင် ရွှေဒင်္ဂါး၊ မိချောင်းခေါင်း၊ ရွှေမင်းသမီး၊ တောင်ပျံမျိုး၊ ထိပ်ချွန်မျိုး၊ ထရိုကနာမျိုး၊ သပိတ်လုံးမျိုး၊ ဗုံးမဆံ့မျိုး၊ ပုဆိန်
ပေါက်မျိုး၊ နို့ဆီမျိုး၊ ထိပ်စုမျိုး၊ ရေနားမျိုးဟူ၍ ဒေသအလိုက် အခေါ်အဝေါ်များဖြင့် မှတ် တမ်းတင်ထားကြသည်ကို တွေ့ရသည်။
ဒူးရင်းကို စိုက်ပျိုးရာတွင် ယခင်က အပင် ကျဲစနစ်ဖြင့် စိုက်ပျိုးခဲ့ကြသည်။ ယခုတိုး တက်ပြောင်းလဲလာသော နည်းစနစ်တွင် အပင်စိတ်စိတ် စိုက်သည့်စနစ်ကို ကျင့်သုံးလာကြသည်။ ယခင်က တန်းကြား၊ ပင် ကြား ပေ ၃၀x ပေ ၃၀ ကျင်းအနက် နှစ်ပေနှင့် တစ်ဧက အပင်ရေ ၄၈ ပင် ၀င်ဆံ့ အောင် စိုက်ပျိုးသည့်စနစ်မှ တန်းကြားပင်၊ပင်ကြား ၂၄ x ၁၀ ပေ၊ ကျင်းအနက် နှစ် ပေနှင့် တစ်ဧက အပင် ၁၀၀ ကျော်ထိ ၀င် ဆံ့အောင် စိုက်ပျိုးကြသည့်စနစ်ကို ကျင့်သုံးလာကြသည်။
ဒူးရင်းပင်စိုက်ပျိုးချိန်ကို မိုးဦးကျ မေလ၊ ဇူလိုင်လတွင် အပြီးစိုက်ပျိုးရန် လို အပ်သည်။ ဒူးရင်းပျိုးပင်ကို အပင်သက် တမ်း နှစ်နှစ်သားမှ သုံးနှစ်သား သန်စွမ်း သောအပင်ကို ရွေးပါက ပို၍စိတ်ချရသည်။ဒူးရင်းမစိုက်မီ စိုက်ခင်းမြေနေရာကို မတ် လနှင့် ဧပြီလတွင်း ခုတ်ထွင်ရှင်းလင်းပြီး မြေကိုမီးရှို့၍ မြေသင်းသတ်ပေးရန် လို အပ်ပါသည်။ ပြီးလျှင် တန်းကြား ၂၄ ပေ၊ ပင်ကြား ၁၀ ပေ ပနက်တိုင်များ ရိုက်ရန် လိုအပ်ပါသည်။
ဧပြီလနောက်ဆုံးပတ်နှင့် မေလ ပထမပတ်တွင် အကျယ်အနက် သုံးပေပတ်လည်ကျင်းများ တူး၍ တွင်းထဲတွင်သဘာဝမြေဆွေး တင်းဝက်၊ မူလတူးထား သော မြေသား (၁၅း ၁၅း ၁၅) အချိုး ကွန် ပေါင်းမြေသြဇာ နို့ဆီတစ်ဗူး၊ ဂျစ်ပဆန် ကျောက်မှုန့်ထည့်၍ ရေလောင်းပြီး တစ်လခန့် မြေနှပ်ထားရန် လိုပါသည်။ မိုးဦး တစ်ပြိုက်နှစ်ပြိုက်ကျလာပြီဆိုပါက ဒူးရင်းပျိုး ပင်များကို စိုက်ကျင်းသို့
ချစိုက်ရမည် ဖြစ်သည်။ စိုက်ပြီးသောအခါ အပင်ခြေရေမ၀ပ်စေရန် အပင်ခြေ၀န်းကျင် သုံးပေခန့် အကျယ်တွင် ကျောက်ပြင်ကဲ့သို့ မိုးအောင် မြေသားဖြည့် ၍ ခြေဖြင့် သိပ်သွားအောင် နင်းပေးရန် လိုအပ်ပါသည်။ အပင်ကို လေဒဏ်၊ မိုးဒဏ် ခံနိုင်စေရန်အတွက် အပင်နှင့်တစ်ပေခွာ၍ ၀ါးတိုင်စိုက်ပြီး ၀ါးတိုင်နှင့် ဒူးရင်းပင်စည်ကို ကြိုးဖြင့် ချည်ပေးထားရန် လိုပါသည်။ အပင်ငယ်စဉ် ဆောင်းနှင့် နွေရာသီတွင် အရိပ်အမိုးပြုလုပ်ပေးရန် လိုအပ်ပါ သည်။ ဆောင်းနှင့် နွေရာသီတွင် ရေပေး နိုင်အောင် ကြိုတင်စီမံထားရန် လိုအပ်ပါ သည်။ တစ်ပင် တစ်ရက်ရေလေးမီတာမှ ငါးမီတာနှုန်း သွင်းပေးရန် လိုအပ်ပါသည်။ ဒူးရင်းပင်အား စိုက်ခင်းရှိ စိုက်ကျင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးပြီးပါက အပင်တစ်စတစ်စ ကြီးထွားလာစေရန်အတွက် အပင် ပြုစုစောင့်ရှောက်ခြင်း
လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ဒူးရင်းအပင်ငယ်စဉ်တွင် အပင်ခြေ ရေမ၀ပ်စေရန်၊ ပေါင်းမြက် ကင်းရှင်းစေရန်နှင့် အရွက်နု၊ အညွန့်နုများ ပိုးမွှားကိုက်ဖြတ် မှုမရှိ စေရန်၊ အာဟာရလုံလောက်မှု ရှိစေရန် အထူးဂရုပြုရန် လိုအပ်ပါသည်။ ဒူးရင်းပင်မှ တစ်ပေခန့်ခွာ၍ အကျယ် ၁၀ လက်မ၊ ကိုးလက်
မခန့်ပတ်လည် မြောင်းတူး၍ မိုး နှောင်းရာသီ (စက်တင်ဘာလ)တွင် နွား ချေး၊ ကြက်ချေး၊ သဘာဝမြေဆွေး လေးပြည်ခန့်နှင့် (၁၅း ၁၅း ၁၅) အချိုး ကွန် ပေါင်းမြေသြဇာ နို့ဆီတစ်ဗူးကိုရောပြီး မြောင်းထဲသို့ ထည့်ပေးရမည်။ မြေသား အပေါ်ယံမှ ပြန်ဖုံး၍ ရေ၀အောင် လောင်း ပေးရန် လိုအပ်ပါသည်။ အပင်ငယ် လျှင် မြန်စွာကြီးထွားဖွံ့ဖြိုးလာပြီး အရွက်သစ်၊ ကိုင်းသစ်များဖြင့် အုံ့ဆိုင်းလာမည် ဖြစ်သည်။ တချို့ မြေသြဇာကျွေးသော်လည်း အပင်မကြီးထွား မဖွံ့ဖြိုးဘဲဖြစ်နေပါက ယူရီးယားမြေသြဇာ ၂၀၀ ဂရမ်ကို ရေ ၂၀ လီတာတွင်ဖျော်၍ အရွက်များကို ဖျန်းပေးနိုင်ပါသည်။ အပင်အစာသစ်ကျွေးခြင်းကို တစ်နှစ်တစ်ကြိမ် မိုးဦးကျ မေ၊ ဇွန်လများ တွင် နှစ်စဉ် ဆောင်ရွက်ပေးရန် လိုအပ်သည်။ ဒူးရင်းအပင်ငယ်စဉ်တွင် အာဖရိက ပင့်ကူနီကျရောက်တတ်သဖြင့် အိုမိုက် ၃၀ ရာခိုင်နှုန်း၊WP ဆေး ၃၀ ဂရမ်ကို ရေ ၂၀ လီတာနှင့်ဖျန်း၍ နှိမ်နင်းနိုင်ပါသည်။ ရွက်ခြောက်ရောဂါ ကျရောက်ပါက Carbindazin ၆၀ ရာခိုင်နှုန်း၊ WP၂၀ ဂရမ်ကို ရေလီတာ ၂၀ နှင့်ဖျော်၍ ပက်ဖျန်းပါ။ ပင်စည် မှာ ရေညှိတက်ပါက Copper Oxychloride ၈၅ ရာခိုင်နှုန်း၊WP ၅၀ ဂရမ်ကို ရေလီတာ ၂၀ နှင့်ဖျော်၍ ပက်ဖျန်းပါ။ အမြစ်နှင့် ပင်စည်ပုပ်ရောဂါ ကျရောက်ပါက ရောဂါကျသည့် အစိတ်အပိုင်းများကို ဖယ် ရှား၍ အနာနေရာကို Metaloxy၂၅ ရာခိုင် နှုန်း၊WP ၅၀ ဂရမ်မှ ၆၀ ဂရမ်ကို ရေတစ်လီတာတွင် ဖျော်၍ သုတ်ထားပါ။ အရွက်များ အ၀ါရောင်ပြောင်းသွားလျှင်Aleate ၈၀ ရာခိုင်နှုန်း၊ WP ၅၀ ဂရမ်ကို ရေလီတာ ၂၀ တွင် ဖျော်၍ အရွက်များပေါ်သို့ ဖျန်း ပေးပါ။ ရောဂါပြင်းထန်ပါက ပင်စည်နှင့် ကိုင်းအတွင်းသို့ Phosphorus Acid နှင့် ရေ (၁း၁) အရည်ကို ထိုးသွင်းပေးပါ။ ဒူးရင်းပင် ပန်းမပွင့်မီ အရွက်ရင့်အ ဆင့် (နိုဝင်ဘာ၊ ဒီဇင်ဘာ) လတွင် အညွန့် သစ်ထွက်ရန် ယူရီးယား နှစ်ရာခိုင်နှုန်း ဖျော်ရည်ပက်
ဖျန်းပေးရန် လိုအပ်ပါသည်။ ရော ဂါကာကွယ်ရန်အတွက် တော့(ပ်)ဆင်အမ် ၄၅ ရာခိုင်နှုန်း၊ WP ပိုးသတ်ဆေး ဟင်းစားဇွန်း နှစ်ဇွန်း နှင့် ရေတစ်ဂါလံဖျော်၍ ပက် ဖျန်းပေးရန် လိုပါသည်။ အပင်အားဖြည့်ပေးရန်နှင့် ပွင့်ဖူးပေါ်မှုကို နှိုးဆပေးရန် (၈း၂၄း၂၄)၊ သို့မဟုတ် (၉း၂၄း၂၄) ကွန် ပေါင်းမြေသြဇာကို တစ်ပင်နှစ်ကီလိုနှုန်း ထည့်ပေးရန် လိုအပ်ပါသည်။ ပန်းပွင့်ရန် နှင့် ပွင့်ဖူးများပေါ်လာစေရန် နှိုး ဆွပေးသော ယမ်းစိမ်း တစ်ရာခိုင်နှုန်းကို အရွက်နှင့် ကိုင်းများကို ပက်ဖျန်းပေးရန် လိုအပ်ပါသည်။ ပန်းပွင့်ရာတွင် ရေတစ်ပတ် တစ်ကြိမ်သွင်းပေးရန် လိုအပ်ပါသည်။ သို့သော် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် အပင်ခြေအစိုဓာတ် မနည်းလွန်း၊
မများလွန်းစေရန် ထိန်းညှိပြီး၊ ရေသွင်းပေးရန် လိုအပ်ပါသည်။ ပန်းပွင့် များကို ဖျက်ဆီးတတ်သော ပိုးမွှားများ ရန်မှ ကာကွယ်ရန် ပင် လုံးပျံ့ပိုးသတ်ဆေး တစ်မျိုးမျိုးကို ဟင်းစားဇွန်းတစ်ဇွန်း ရေတစ်ဂါလံနှင့် ဖျော်စပ်ပက်ဖျန်းပေးရန် လိုအပ် ပါသည်။ ပန်းများပွင့်၍ သီး ကင်းဝင်ရန် အစပျိုးလာချိန်ဖြစ်ပါသည်။
ဒူးရင်းအသီးကင်းဝင်စအချိန် (ဒီဇင် ဘာလ၊ ဇန်န၀ါရီလ) တွင် ပန်းများ ၀တ် မှုန်ကူးသန္ဓေအောင်၍ သီးကင်းစတင် ဖြစ် တည်ပါသည်။ တစ်ပင်၊ တစ်ရက်၊ ရေလေး မီလီမီတာ သွင်းပေးပါ။ ကိုင်းအဖျားတွင် ရှိသော အပွင့်များကို ခြေပေးပါ။ ပြွတ်သိပ်နေသော ပန်းပွင့်များ ကိုခြွေပေးပါ။ အနည်းလို ဓာတ်ပစ္စည်းများနှင့် ရေဖျော်၍ အသီး ကြီးထွားအောင်မြင်စေရန် အရွက်များကို ဖျန်းပေးရန် လိုအပ်ပါသည်။ အာဖရိက ပင့်ကူနီကျရောက်ပါက အထက်ဖော်ပြပါ နည်းအတိုင်း ကာကွယ်နှိမ်နင်းပါ။ ဒူးရင်းအသီး ကြီးထွားဆင့် (ဖေဖော် ၀ါရီလမှ ဧပြီလ) တွင်း အသီးပို အသီးညှပ် များကို သုံးကြိမ်ခြေပေးပါ။ အသီးသက် တမ်း ၃၅ ရက်မှ ၄၂ ရက်တွင် ဒုတိယအကြိမ်၊ ပန်းပွင့်ပြီး ခြောက်ပတ်မှ ခုနစ်ပတ်မတိုင်မီ တတိယအကြိမ် အသီးခြေခြင်းကို ဆောင် ရွက်ရန်လိုပါသည်။ လုံလောက်သည့် အသီးအရေအ တွက်သာချန်၍ သတိပြုသင့်ပါ သည်။ အသီး ၃၅ ရက်သားတွင် (၁၂း၁၂း၁၇) ကွန်ပေါင်းမြေသြဇာကို တစ်ပတ်လျှင် နှစ် ကီလိုဂရမ် နှုန်းကျွေးပါ။ အသီး ၅၆ ရက်သား မှ ၆၃ ရက်သားတွင် ဓာတ်စုံမြေသြဇာ ဃသာစူနထ တစ်ပင် ၂၅၀ ဂရမ်နှုန်းဖြင့် မြေကြီးထဲ ကျင်းဖောက်ထည့် သွင်းပေးပါ။ အနည်း လိုအာဟာရ ၁၀ ဂရမ်ကို ရေ ၂၀ လီတာနှင့် ဖျော်၍ အရွက်ပေါ်သို့ ဖျန်းပေးရန် လိုပါ သည်။ ဒူးရင်းသီး မျိုး
ကောင်း မျိုးသန့်များ သည် ဧပြီလ၊ မေလတွင် ရင့်မှည့်တတ်ပြီး၊ ဒေသမျိုးများသည် ဇွန်လ၊ ဇူလိုင်လများတွင် ရင့်မှည့်တတ်ကြပါ သည်။ အထူးသတိပြု ရန်မှာ ဒူးရင်းပန်းဖူးပေါ်ချိန် ရက်ပေါင်း ၁၅၀ ပြည့်မှသာ ကောင်းစွာရင့်မှည့်သဖြင့် ရက် ၁၅၀ ပြည့်မှသာ ဆွတ်ခူးသင့်ပါသည်။
သို့မဟုတ်လျှင် ကောင်းစွာမမှည့်ဘဲ အရည်အသွေး၊ အရသာမဆင့်မမီဖြစ်စေပါသည်။ ဒူးရင်းသီးများ ရင့်မှည့်ပြီး၍ ပင်လုံး ကျွတ် ဆွတ်ခူးပြီးပါက နောက်ရာသီ အတွက် (မေ၊ ဇွန်၊ သြဂုတ်)လများတွင် အပင်ကြိုတင်ပြုစုစောင့်ရှောက်ခြင်းကို ဆောင် ရွက်ရန်လို အပ်ပါသည်။ ရောဂါကျကိုင်း၊ ကိုင်းသေး၊ ကိုင်းညှပ်များကို ဖြတ်တောက် ပစ်ရပါမည်။ (၁၅း ၁၅း ၁၅) အချိုး၊ သို့မ ဟုတ် (၁၆း ၁၆း
၁၆) အချိုးကွန်ပေါင်း ဓာတ်မြေသြဇာကို တစ်ပင်လျှင် နှစ်ကီလို ဂရမ်နှုန်းကို သဘာဝမြေဆွေး၊ နွားချေး၊ ကြက်ချေး တစ်တင်းနှင့် ရော၍ ကျွေးပေး ရန် လိုအပ်ပါသည်။ အရွက်နု၊ အညွန့်များ ကောင်းစွာထွက်စေရန် ယူရီးယား ၂၀၀ ဂရမ် ကို ရေ ၂၀ လီတာနှင့်ဖျော်၍ ပက်ဖျန်းပေးရန်လိုပါသည်။ ရွက် စားအင်းဆက်ပိုးမွှားများ ကာကွယ်နှိမ်နင်းရန် အင်ဒိုဆာလ်ဖန် ၃၅ ရာခိုင်နှုန်း အီးစီးဆေးရည် ၅၀ စီစီကို ရေလီတာ ၂၀ တွင်ဖျော်
၍ ပက်ဖျန်းပေးပါ။ တစ်ပတ်အတွင်း တစ်ရက်လျှင် ရေလေးမီလီမီ တာမှ ငါးမီလီမီတာ သွင်းပေးရန် လိုအပ်ပါသည်။ အပင်ခြေပေါင်း မြက်များကို ရှင်း လင်းပေးရန် လိုအပ်ပါသည်။ ဒူးရင်းသီးသည် ပန်းဖူးစပေါ်ပြီး ရက် ၁၅၀ ကျော်ခန့်အကြာတွင် ဒူးရင်းအသီး ညှာအရစ်ကြဲလာချိန် ဆူးကြီးလာချိန်၊ အသီးရောင်
ပြောင်းလာချိန်၊ အနှံ့မွှေး၍ ပျံ့လွင့်လာ ချိန် အသီးညှာ၏ အရစ်အထက်မှ နှစ်လက်မမှ သုံးလက်မခွာ၍ ကတ်ကြေးဖြင့် ဖြတ်၍ ခူးယူနိုင်ပါသည်။ လိင်မဲ့မျိုးဖြင့် စိုက်ပျိုးပါက သုံးနှစ်မှ လေးနှစ်တွင် စတင်သီးကင်းစ ပြပါသည်။ ငါးနှစ်သားကျော်မှသာ အသီး စတင်ယူသင့်ပါသည်။ နှစ် ၃၀ မှ နှစ် ၅၀ အထိ အသီးဖြိုင်ဖြိုင် သီးနိုင်ပါသည်။ မျိုး ကောင်းလျှင် ပြုစု မှုမှန်လျှင် တစ်နှစ်လျှင် တစ်ပင်မှ အသီး ၁၀၀ မှ ၃၀၀ ထိ သီးနိုင် ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်ပါက တစ်လုံးလျှင် ကျပ် ၄,၀၀၀ မှ ၆,၀၀၀ ထိ ဈေးကောင်းရပါသည်။
ဒူးရင်းသည် စီးပွားရေးတွက်ခြေ ကိုက်နိုင်သည့် အသီးပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ တချို့တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် စမ်းသပ်စိုက်ပျိုးသင့်ပါသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် မတ်၊ ဧပြီတွင် ထွက်ရှိပြီး မွန်ပြည်နယ်တွင် ဧပြီ၊ မေ၊ ဇွန်၊ဇူလိုင်လထိ အ သီးရရှိပြီး ကရင်ပြည်နယ် တွင် အောက်တိုဘာလလယ်ထိ အသီးရရှိ နေပါသည်။ အီကွေတာနှင့် အနီးအဝေးကို စိစစ်၍ တိုးချဲ့ စမ်းသပ်စိုက်ပျိုးခြင်းအားဖြင့် မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံး ဒူးရင်းသီးထွက်ရှိကာ စီးပွားရေးတွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။
အောင်ဆန်း (စိုက်ပျိုးရေး)

No comments:

Post a Comment