မြန်မာအမည်- သနပ်ခါး
အင်္ဂလိပ်အမည် – Chinese Box Tree , Wood Apple
မျိုးရင်း – Rutaceae
မျိုးစု -Limonia
မျိုးစိတ် – L. acidissima
သိပ္ပံအမည် – Naringi crenulata (Roxb)
Limonia acidissima
Hesperethusa crenulata (Roxb) Roeam
သနပ်ခါးပင်၏ ဝိသေသလက္ခဏာ
သနပ်ခါးပင်၏ ပုံသဏ္ဍာန်မှာ အပင် ပင်လတ်မျိုးဖြစ်သည်။ အမြင့်ပေ ၂၀ – ၃၀ ထိ မြင့်တက်ပြီးပင်စည် နှင့် အကိုင်းအခတ်များတွင် လက်မဝက်၊ ၁ လက်မခန့် ရှည်သည့် မာကျောသော ဆူးများပါရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသောအခါမှ အပွေး ထူလာပါသည်။ အရွက်ပုံသဏ္ဍာန်မှာ ရွက် ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်မြွှာ ၂ စုံမှ ၃ စုံ ထိရှိပြီး ရွက်ထိပ်တွင် တစ်ရွက်ပါ သည်။ ရွက်ပြားပြောင်ချောပြီး တောင့်တင်းမာကျောသည်။ အစိမ်းရင်ရောင်ရွိသည်။ အပွင့်ပုံသဏ္ဍာန်မှာသေးငယ်ပြီး၊ အ ဝါနုရောင်ရှိ သည်။ အဆုပ်လိုက်ပွင့်သည်။ ရေမြေရာသီဥတုပေါ် မူတည်၍ တပေါင်း၊ တန်ခူး၊ ကဆုန် လများတွင် အပွင့်များပွင့်သည်။ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများတွင် အသီးရင့်မှည့်သည်။ ရေ သောက်မြစ်ရှည်လျားသည်။ ဘေးမြစ်များလည်း ရှည်လျားပြီး ဖြန့်ထွက်သည်။ အမြစ်တွင်လည်း အပွေး အခေါက်ပါရှိသည်။ အမြစ်မှ သားတက်များထွက်လေ့ရှိပါသည္။
စိုက်ပျိုးနည်းစနစ်
မြေအမျိုးအစား
စိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ဂဝံ၊ ကျောက်စရစ်မြေ (Gravel soi)ရွှံ့စေး မြေ ၊ ဆားပေါက်သော မြေ ၊ ရေဝပ်သော မြေ များမှလွှဲ၍ ကျန် မြေ အမျိုးအစားများတွင် စိုက်ပျိုးနိုင်ပါသည်။
သဲ မြေ တွင်လည်း စိုက်ပျိုးနိုင်ပါသည်။ သို့သော်စိုက်ပျိုးပါက အပင်ငယ်စဉ်တွင် အပင်အသေ အပျောက်များပြီး အပင်ဖြစ်ထွန်းအားနည်းပါသည္။
မိုးရေချိန်
၁၀ – ၄၀ လက်မ အကြားတွင်ရှိသော နေရာဒေသများတွင် စိုက်ပျိုးနိုင်ပါသည်။
သနပ်ခါးမျိုးစေ့ယူနည်း
သနပ်ခါးပင်များသည် ရေ မြေ ရာသီဥတုပေါ်တွင် မူတည်၍ တပေါင်း၊ တန်ခူး လများတွင် ပွင့်ဖူး ပြီး၊ ဝါဆို၊ ဝါခေါင်လများတွင် အသီးများရင့်မှည့်ချိန်တွင် မျိုးအဖြစ် စတင်ခူးယူနိုင် ပါသည်။ခူးယူပြီးသော သနပ်ခါးသီးကို ရေထဲတွင် စိမ်၍ ရေအောက်မြုပ်နေသော သနပ်ခါးအစေ့များ ကိုသာ ယူ၍ ပျိုးထောင်ရပါမည်။ ရေပေါ်တွင် ပေါလော ပေါ်နေသောအစေ့များသည် မျိုးအောင်မြင်ခြင်း မရှိပါ။သနပ်ခါးကို ပျိုးထောင်၍ စိုက်ပျိုးသည်။ ပျိုးထောင်ပုံ (၂)မျိုးရှိသည်။
ပျိုးဘောင်လုပ်၍ပျိုးထောင်ခြင်းနှင့် အိတ်ဖြင့် ပျိုးထောင်ခြင်းတို့ဖြစ်သည်။
ပြောင်းရွှေ့စိုက်ပျိုးခြင်း
ပျိုးထောင်ပြီး ၄၅ ရက်သားမှစ၍ မြေတွင် စတင်ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။
သီးညှပ် စိုက်ပျိုးမည်ဆိုပါက တန်းကြား၊ ပင်ကြား (၈ ပေ× ၄ပေ)၊ (၈ ပေ× ၅ ပေ) စိုက်ပျိုးနိုင် ပါသည်။ သီးညှပ်အဖြစ်နှမ်း၊ ပဲစဉ်းငုံ၊ မြေပဲစသည့်ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး မိမိကြိုက် နှစ်သက်သည့် သီးနှံများကို စိုက်ပျိုးနိုင်ပါသည်။
သီးညှပ်စိုက်ပျိုးခြင်းမပြုလျှင် တန်းကြား၊ ပင်ကြား (၄ ပေ × ၄ပေ)နှင့် (၅ပေ ×၅ ပေ) စိုက်ပျိုးလျှင် အသင့်တော်ဆုံးဖြစ်ပါသည်။
ကျရောက်တတ်သော ပိုးမွှား/ရောဂါများ
အမြစ်ပုတ်ရောဂါနှင့် ကိုင်းဖျားခြောက်ရောဂါတို့ အဓိကကျရောက်တတ်ပါသည်။
အပင်ပြုစုထိန်းသိမ်းနည်း
မိုးဦးကျစအချိန်နှင့်မိုးကုန်ခါနီးအချိန်တွင် အနည်းဆုံး တစ်နှစ် (၁) ကြိမ်၊ (၂) ကြိမ် ကွန်ပေါင်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောနှော၍ ကျွေးသင့်ပါသည်။ သနပ်ခါးပင်ခြေမှ ၂ ပေ ၃ ပေခွာ၍ အပင်ပတ်လည်မြေဆွပေးရပါမည်။ ပေါင်းမြက်များ ရှင်းလင်းပေးရပါမည်။
အပင် (၂ -၃) နှစ်သား အရွယ်မှစ၍ ပင်ခြေအတက်များနှင့် အကိုင်းအခက်များကို ရှင်းလင်း ဖယ်ရှားပေးရပါမည်။ရာသီဥတုအခြေအနေနှင့် အပင်အခြေအနေပေါ်မူတည်၍ ပင်လုံးပျံ့ပိုးသတ်ဆေး၊ ထိသေပိုး သတ်ဆေး၊ မှိုသတ်ဆေးများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပက်ဖြန်းပေးသင့်ပါသည်။
စျေးကွက်ဝင် သနပ်ခါးအဆင့်(ရိတ်သိမ်းချိန်)
စိုက်ခင်းအသစ်များတွင် အပင်သက်တမ်း (၆) နှစ်၊ (၇) နှစ် သားမွစတင်၍ သနပ်ခါးအဖြစ် စတင်စျေးကွက်ဝင်ရောင်းချနိုင်ပါသည်။ အများအားဖြင့် (၈)နှစ်မှ (၁၀)နှစ်သားအရွယ်သည် စျေးကွက်တွင်းသို့အရောင်းအများဆုံး အရွယ် ဖြစ်ပါသည်။ သားတက် သနပ်ခါးခင်းများတွင် အပင်သက်တမ်း (၅-၆)နှစ်တွင် စတင်ရောင်းချပြီး၊ (၆)နှစ် မှ(၈)နှစ်အရွယ်သက်တမ်းသည် စျေးကွက်အဝင်ဆုံး ရောင်းချချိန် ဖြစ်ပါသည်။
အရည်အသွေးအကောင်းဆုံး သနပ်ခါးတစ်ပင်ရရှိန်မှာ သက်တမ်း (၃၅) နှစ်ခန့် လိုပါသည်။
ဒေသအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း မြန်မာ့သနပ်ခါးသည် အရည်အသွေးအကောင်းဆုံးဖြစ်သည်။
No comments:
Post a Comment