မျိုးများ
နာနတ်သီးတွင်မျိုးအုပ်စု (၃)ခု ရွိပါသည္။
Cayenne အုပ်စုသည် အဓိကအရေးပါသော အုပ်စုဖြစ်ပြီး၊ ၄င်းအုပ်စုတွင် Kew မျိုးများပါဝင်ပါသည်။ Kew အသီးအရွက် အစား(၂.၃ -၃.၆) ကီလိုဂရမ်ထိကြီးမားသည်။ စည်သွတ်ရန် သင့်တော်သောမျိုးဖြစ်သည်။ အသား အဝါရောင်ရှိပြီး အရောင်ရွှမ်းသည်။ အရွက်၏ အဖျား ပိုင်းရွက်နားတွင်သာ ဆူးအနည်းငယ် ပါရှိပါသည်။
Queen အုပ်စုတွင် ပါဝင်သော မျိုးများမှာ လတ်လတ်ဆတ်ဆတ် စားရန်အတွက် ဖြစ်သည်။ အသီးအရွယ်အစား ငယ်လေ့ရှိသည်။ Queen အုပ်စုတွင်ပါဝင်သော မျိုးပြားအလိုက် အသီးအရွယ်အစား (၀.၄၅ မှ ၂.၇) ကီလိုဂရမ်အထိရှိပါသည်။ အရည်အသွေးအနေဖြင့် စည်သွတ် ရန်အတွက် မသင့်တော်ပါ။
မြေအမျိုးအစား
မြေဆီဩဇာ ထက်သန်ပြီး ရေစီးစိမ့်မှုကောင်းသော သဲဆန်သောမြေ၊ နုန်းမြေ ဂဝံမြေနီများသည် နာနတ်စိုက်ပျိုးရေးအတွက် အသင့် တော်ဆုံးမြေများဖြစ်သည်။ အသင့်တော်ဆုံး မြေအချဉ်ခံဓါတ် pH မှာ (၅.၅ – ၆) ဖြစ်သည်။
ရာသီဥတု
အသင့်တော်ဆုံးအပူချိန်မွာ (၁၅.၅ -၃၂.၅) ဒီဂရီစင္တီဂရိတ်တွင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အမြင့် (၁၅၂၅) မီတာအထိ စိုက်ပျိုးနိုင် ပါသည်။ အသင့်တော်ဆုံး မိုးရေချိန်မှာ (၁၅၀) စင်တီမီတာ ဖြစ်ပါသည်။
၁။ Slip အသီးအောက်မှထွက်လာသော သားတက်
၂။ Sucker ပင်စည်မှထွက်လာသော အပင်
အသီးအောက်မှထွက်လာသော သားတက်များ Slip စိုက်ပျိုးခြင်းသည် ပင်စည်မှထွက်လာသော သားတက် Sucker စိုက်ပျိုးခြင်းထက် ပိုကောင်းပြီး ၄င်းနှစ်မျိုးက အသီးပေါ်ရှိအပင် Crown ကို စိုက်ပျိုးခြင်းထက် ပိုကောင်းပါသည်။
အကယ်၍ Slip ကို မရရှိနိုင်ပါက အလေးချိန် ၅၀၀ ဂရမ်ရှိ Sucker များကိုစိုက်ပျိုးခြင်းက အကောင်းဆုံးဖြစ်ပါသည်။ အကယ်၍ Slip အထွက်များသော မျိုးဖြစ်ပါက အလေးချိန် ၃၅၀ ဂရမ်ရှိ Slip မှာ အကောင်းဆုံးဖြစ်ပါသည်။
Slip များမှာ ညီညာပြီး အရွယ်အစားကြီးသော အသီးများသီး၍ Sucker များမှာ Slip ထက် သီးပွင့်မှု အနည်းငယ် ပိုစောပါသည်။ Crown အပင်များမှာ အသီးထွက် ရက် (၇၀) ခန့် နောက်ကျပါသည်။ အချို့မျိုးများတွင် Slip မထွက်ပါ။
စိုက်ပျိုးသည့် သားတက်အမျိုးအစား ကွဲပြားသည်နှင့်အမျှ အပင်ကြီးထွားမှု မညီမညာဖြစ်ကာ အသီးအထွက်လည်း မညီညာကြချေ။ ဤအချက်သည် တစ်နှစ်ပတ်လုံး နာနတ်သီးမပြတ် ထွက်ရှိရေးတွင် ဆောင်ရွက်ရန် လိုအပ်ချက်တစ်ခု ဖြစ်သည်။
စိုက်ပျိုးခြင်း
စိုက်ပျိုးစနစ်မှာ မြေမျက်နှာပြင်အနေအထားနှင့် မိုးရေချိန်ပေါ် မူတည်၍ ကွဲပြားပါသည်။
(က) စိုက်ကျင်း ပြုလုပ်စိုက်ပျိုးခြင်း
မြေဆီလွှာတိုက်စားမှုမရှိသော နေရာများတွင် ဤနည်းဖြင့် စိုက်ပျိုးပါသည်။ (၁၅ – ၂၀) စင်တီမီတာအနက်ရှိ စိုက်ကျင်းများတူး၍ စိုက်ပါ။ မိုးများသော ဒေသများတွင် ရေနုတ်မြောင်းပြုလုပ်ပေးပါ။
(ခ) ထယ်ရေးမြောင်း ပြုလုပ်စိုက်ပျိုးခြင်း
ကမ်းရိုးတန်းဒေသ မိုးရေချိန်အသင့်အတင့်ရှိသော နေရာများတွင် စိုက်ပျိုးသော နည်းစနစ်ဖြစ်ပါသည်။ ဤစိုက်ပျိုးစနစ်တွင် ရေသွင်းပေး ခြင်း မရှိပါ။ စိုက်ပျိုးရာတွင် (၃၀ -၄၀) စင်တီမီတာအနက်ရှိ တယ်ရေးေမြာင်းအတွင်း အပင်စိုက်ပျိုးခြင်းနှင့် (၁.၂ – ၁.၅) မီတာ အကျယ် ရှိ ဘောင်ပေါ်စိုက်ပျိုးခြင်းကို တလှည့်စီ စိုက်ပျိုးသွားခြင်းဖြစ်ပါသည်။
(ဂ) တူးမြောင်းရှည်များ ပြုလုပ်စိုက်ပျိုးခြင်း
စိုက်တန်း (၂)တန်းဝင် စိုက်မြောင်းနှင့်စိုက်ပျိုးခြင်း ဖြစ်ပါသည်။ စိုက်ကွင်းတွင် စိုက်မြောင်းနှင့်စိုက်ဘောင်တို့တစ်လှည့်စီ ဖြစ်နေပါမည်။ ဆင်ခြေလျော ကုန်းစောင်းကို ကန့်လန့်ဖြတ်၍ စိုက်မြောင်း များ တူးရပါသည်။ စိုက် မြောင်း အနက်သည် (၂၂.၅ – ၃၀) စင်တီမီတာရှိရပါမည်။
စိုက်မြောင်းတိုင်းတွင် (၁၀-၁၅) စင်တီမီတာ အနက်ရှိ ထယ်ရေးေမြာင်းခပ်တိမ်တိမ်နှစ်ကြောင်းပြုလုပ်ပြီး စိုက်မြောင်း နှုတ်ခမ်းမှ (၁၅) စင်တီမီတာ ချန်ထားကာ Sucker နှင့် Slip များကို ထယ်ရေးမြောင်း များတွင် စိုက်ပျိုးပါသည်။ စိုက်မြောင်း တစ်ခုအတွင်း စိုက်ကြောင်း (၂) ကြောင်းပြုလုပ်ပြီး စိုက်ပျိုးရာတွင် စိုက်ပျိုးသည့်အပင်များ တစ်ပင်နှင့်တစ်ပင် မျက်နှာချင်းဆိုင် မဖြစ်စေရပါ။ အပင်လွှဲ၍ စိုက်ပျိုးရမည်။ စိုက်စနစ် အားလုံးအတွက် ပင်ကြား (၂၅) စင်တီမီတာ၊ တန်းကြား (၆၀) စင်တီမီတာ၊ စိုက်မြောင်းအကွာအဝေး (၉၀) စင်တီမီတာဖြင့်စိုက်လျင် တစ်ဧက အပင်ဦးရေ (၃၄၈၅၀) ဝင်ဆန့်ပါသည်။
ဓာတ်မြေဩဇာကျွေးခြင်း
သီးထွက် တစ်ရာသီအတွက် တစ်ပင်လျှင် ယူရီးယား (၂၆) ဂရမ်၊ ပိုတက်ရှိ(၁၉) ဂရမ် ထည့်သွင်းပေးပါ။ အကယ်၍ မြေဆီသြဇာ ညံ့ဖျင်းသည့်မြေဖြစ်လျင် တီစူပါ (၈)ဂရမ်နှုန်းထည့်ပေးပါ။ ယူရီးယားကို (၂)လခြား တစ်ကြိမ်နှင့် တစ်နှစ်လျှင် (၆) ကြိမ်၊ ပိုက်တက်ရှိကို (၂) ကြိမ်ခွဲကျွေးနိုင်ပါသည်။
ထည့်ရမည့် တီစူပါအားလုံးနှင့် ထည့်ရမည့် ပိုတက်ရှိ တဝက်ကို အပင်စိုက်ပျိုးချိန်တွင် ထည့်သွင်းပေးပြီး ကျန်သည့် ပိုက်တက်ရှိကို မပင်စိုက်ပြီး (၆)လအကြာတွင်ထည့်သွင်းရန် ဖြစ်ပါသည်။ မိုးရေသောက်နေရာတွင် မြေကြီးအစိုဓါတ်ရှိသည့် အချိန်၌ ဓာတ်မြေဩဇာကို ထည့်သွင်းပေးရန် ဖြစ်ပါသည်။
မြေဖို့ပေးခြင်း
အပင်များ အမြစ်ကောင်းစွာစွဲရန်အတွက် အပင်ခြေရင်းကို မြေဖို့ပေးပါ။ အသီးသီးပြီးသောအခါတွင် အပင်ခြေမှာမြင့်သွားသဖြင့် အပင်ခြေမြေဖို့ခြင်းမှာ လမိုင်းခင်းများတွင် ပိုမိုအရေးကြီးပါသည်။
အပင်သိပ်သည်စွာ စိုက်ပျိုးခြင်းစနစ်တွင် အပင်များလဲမကျစေရန် တစ်ပင်နှင့်တစ်ပင်ထောက်ကန်ထားသဖြင့် အပင်ခြေမြဖို့ရန် မလိုအပ် ပါ။
အပင်ခြေကို မြေကြီးဖုံအုပ်ပေးခြင်းဖြင့် ပေါင်းမြက်နှိမ်နင်းရာတွင် အထောက်အကူရပြီး အစိုဓါတ်ထိန်ပေးသည်။ အနက်ရောင် ပလပ် စတစ်အစများကို မြေဖုံးပစ္စည်အဖြစ် အသုံးပြုကြပါသည်။ ကောက်ရိုး၊ မြက်ခြောက်၊ လွှစာဆေး၊ စပါးခွံတို့ဖြင့် အပင်ခြေနှင့် အပင်ကြား တွင် ဖုံးအုပ်ပေးနိုင်ပါသည်။
SUCKER များ၊ SLIP များနှင့် CROWN များဖယ်ရှားခြင်း
ပန်းခိုင်ထွက်သည်နှင့် သားတက်များ စထွက်လာပါသည်။ အသီးကြီးထွားမှုနှင့်အတူ Slip များပေါက်လာပါသည်။ Slip များ စိုက်ပျိုးရန် အရွက်သို့ ရောက်လျှင်ရောက်ခြင်း ဖယ်ရှားပေးပါ။ Sucker အရေအတွင်များလျှင် အသီးအလေးချိန် တိုးတိုးလာသဖြင့် ဖယ်ရှားခြင်းကို နောက်ကျနိုင်သလောက် နောက်ကျ၍ ထားရှိနိုင်သော်လည်း Slip များမှာ အသီးမှည့်မှုကို နောက်ကျ စေပါသည်။
အသီးဆွတ်ခူးပြီးနောက် မိခင်အပင်တွင်သားတက်တစ်ခုသာချန်ပြီး ကျန်သားတက်အားလုံးကို ဖယ်ရှားပစ်ပါ။ သားတက်များ ဖယ်ရှားပြီး မြေသြဇာကျွေးပါ။ အပင်ခြေကိုလည်းမြေဖို့ပေးရပါမည်။
ပန်းပွင်ရန်ဆောင်ရွက်ခြင်း
ယေဘုယျအားဖြင့် နာနတ်ပင်များသည် ပင်ပိုင်းဆိုင်ရာကြီးထွားမှု တစ်ချိန်ချိန်သို့ရောက်သောအခါ ပန်းစပွင့်လာပါသည်။ အပင်စိုက်ပြီး (၁၁-၁၂)လ အကြာတွင် အပင်၌ အရွက်အနည်းဆုံး (၄၀)ရွက်ထွက်ပြီးချိန်တွင် ပန်းပွင်ရန်ရင်ခြင်းအဆင့် (ripeness – to – flower stage) ကို ရရှိပါသည်။ အပင်စိုက်ပြီး (၁၅ – ၁၈) လခန့်ကြီးထွားပြီး ဖြစ်သော်လည်း အပင် (၄၀ – ၅၀) ရာခိုင်နှုန်းခန့်သာပန်းစပွင့်ပါသည်။ နာနတ်တွင် Ethephon (Ethrel) 100ppm ကို အသုံးပြု၍ ပန်းပွင့်အောင် ဆောင်ရွက်နိုင်ပါသည်။ NaCo3 0.04% ကို Ethrel နှင့် ရောသုံးပါက Ethrel ပြင်းအားကို (25)ppm အထိ လျှော့ချနိုင်ပါသည်။ ဆေးဖျော်ရည် (၅၀)စီစီကို အပင်၏ အလယ်တည့်တည့်သို့ လောင်းချပါ။ အသီးအရွယ်အစားကောင်းကောင်းရရှိရန် အစာချက်သော အရွက်အရေအတွက် (၃၅ – ၄၀)ရွက် ရှိသောအခါတွင်မှ ပန်းပွင့်ရန် ဆောင်ရွက်သင့်ပါသည်။
ပန်းပွင့်ရန် ဆောင်ရွက်ရာတွင် အသုံးပြုနိုင်သော အခြားဓါတုဗေဒပစ္စည်းများမှာ Nepthalene Acetic Acid (NAA) 10-15 ppm, Calcium carbide 20gm ကို ရေတစ်လီတာတွင် ဖျော၍ ရရှိသော ဖျော်ရည်လတ်လတ်ဆတ်ဆတ်တို့ဖြင့် ပန်းပွင့်အောင်ဆောင်ရွက်နိုင် ပါသည်။
တစ်နှစ်ပတ်လုံးသီးထွက်ရရှိနိုင်ရန်
တစ်နှစ်ပတ်လုံးသီးထွက်ရရှိနိုင်ရန်အတွက်-
၁။ အမျိုးအစားမတူသည့် ပျိုးပင် (အပင်အစိတ်အပိုင်း၊ သားတက်များ) ကို အသုံးပြုစိုက်ပျိုးခြင်း။
၂။ Sucker နှင့် Slip ကိုစိုက်ချိန် ပုံမှန်ခြား၍ ဇူလိုင် မှ ဒီဇင်ဘာလထိ စိုက်ပျိုးခြင်း။
၃။ ပန်းပွင့်ရန် အသုံးပြုသည့် ဓါတုဆေးများ အသုံးပြုခြင်း စသောနည်းများဖြင့် ဆောင်ရွက်နိုင်ပါသည်။အသင့်တော်ဆုံးသော ဆောင်ရွက် နည်းဖြစ်ပါသည်။
ရိတ်သိမ်းခြင်း နှင့် အထွက်နှုန်း
အပင်စိုက်ပြီး (၁၁-၁၂) လ အကြာတွင်ပန်းပွင့်ပြီး ၊ (၁၅ -၁၈)လ အကြာတွင် ရိတ်သိမ်းနိုင်သာ အဆင့် ကိုရရှိနိုင်ပါသည်။ ဆောင်းရာသီ တွင် ရင့်မှည့်သောအသီးများမှာ အချဉ်ဓာတ်များသည်။ စည်သွတ်ရန်အတွက်ဖြစ်လျှင် ကြီးထွားဆဲ အသီး၏ အောက်ခြေတွင် အရောင်အနည်းငယ်ပြောင်းလျှင် ရိတ်သိမ်းနိုင်ပါသည်။
စည်သွတ်ရန်အတွက် အသီးများကို တချန်တည်းဆွတ်ခူးနိုင်ရန် အသီးများမှည့်ချိန်တွင် Ethrel ပြင်းအား (၁၂၅ – ၂၅၀) ppm ရေဖျော်၍ အသီးတစ်လုံးခြင်းကို ပတ်ဖျန်းပါ။ လတ်လတ်ဆတ်ဆတ် စားသုံးရန်အတွက်ဖြစ်လျှင် အသီးအရောင် ရွှေဝါရောင်သို့ ဖြစ်သည်အထိ ထားရှိရပါသည်။ အသီးပေါ်ရှိအပင် (Crown) ပါသည့် အသီးကို ဆွတ်ခူးပြီး (၁၀-၁၅)ရက်အထိ အပျက်အစီးမရှိ ထားသိုနိုင်ပါသည်။
ပထမနှစ်လမိုင်းခင်းနှင့် ဒုတိယနှစ် လမိုင်းခင်းမှ အသီးအလေးချိန်များမှာ စိုက်ခင်းသစ်မှ ရရှိသည့်အသီး (ပထမဆုံးရသည့် အသီး) အလေးချိန်၏ (၇၅) ရာခိုင်နှုန်း အသီးသီးရပါသည်။ လမိုင်းသက်တမ်းကြာရှည်လာသည်နှင့် ပန်းပွင့်သည့် အပင်ဦးရေ၊ အသီးအရွယ် အစားများ လျော့နည်းလာပါသည်။ လှပသော အသီးအရေအတွက် တိုးလာပါသည်။
စိုက်ပျိုးသည့်မျိုး၊ စိုက်စနစ်၊ စိုက်ပျိုးသည့်ဒေသ နှင့် သက်တမ်းကို လိုက်၍ တစ်ဧကအထွက်နှုန်း (၂၈ – ၄၀) တန် အထိ ထွက်ရှိပါသည်။
Source :မြန်မာ့စိုက်ပျိုးရေး
ဗဟုသုတကျေးရွာ
No comments:
Post a Comment